ထန်းတပင် ဇူလိုင်၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ကြားပေါင်းလိုက်စက် (Power Weeder) ဖြင့် ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် (Transplanter Boom Sprayer) ကောက်စိုက်စက်ဖြင့် ပေါင်းသတ်ဆေး ဖျန်းခြင်းတို့အား ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြသ အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧက (၁၅၀)ကွင်း၊ ဦးပိုင်အမှတ် ၂ (ခ)၊ ကွင်းအမှတ် (၂၇၆)ရှိ တောင်သူဒေါ်ကြည်သန်း၏ လယ်ယာမြေဧက (၂.၄၇)တွင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒေသခံတောင်သူများအား စပါးစိုက်ပျိုးရာတွင် စက်စွမ်းအားအသုံးပြုကာ စပါးအထွက်နှုန်းများ တိုးတက်လာစေရန်နှင့် စက်ကိရိယာပစ္စည်းများအား အသုံးပြုရာတွင် အဆင်ပြေလွယ်ကူလာစေရန်အတွက် လက်တွေ့သရုပ်ပြသခြင်းဖြစ်ပြီး ကြားပေါင်းလိုက်စက် (Power Weeder)ကို လက်တွေ့မောင်းနှင်ပြသရာတွင်လည်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးနိုင်နှင့် ဝန်ထမ်းများက လက်တွေ့မောင်းနှင်ပြသပေးခဲကြသလို အမှတ်(၁) လယ်ယာသုံးစက် ကိရိယာသုတေသနအလုပ်ရုံမှ စက်ရုံမှူး ဦးဝင်းကျော်ဦးနှင့် ဝန်ထမ်းများက အမှတ်(၁) လယ်ယာသုံးစက်ကိရိယာသုတေသန အလုပ်ရုံမှ စမ်းသပ်သုတေသနပြုလုပ်ထားသော (Transplanter Boom Sprayer) ကောက်စိုက်စက်ဖြင့် ပေါင်းသတ်ဆေးဖျန်းခြင်းတို့အား ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
အသိပညာပေးလက်တွေ့သရုပ်ပြသပွဲသို့ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးတင်မောင်ကြည်၊ ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်နှင့် မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)