ငါန်းဇွန် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ငါန်းဇွန်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သွားလာ နေထိုင်ကြရန် ယမန်နေ့နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် ငါန်းဇွန်မြို့ပေါ်ရပ်ကွက်အသီးသီးသို့ လှည့်လည်အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပေးကြေညာရာတွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေနှင့် volunteer အဖွဲ့ဝင်များသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်ကြရန်၊ မိမိတို့ နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားရန်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန် စသည်တို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ထားသော အမိန့်အမှတ် (၃၀/၂၀၂၀) မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် တိုင်းဒေသကြီးပြင်ပသို့ သွားရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာ သူများ သိရှိလိုက်နာရန် အသိပေးကြေညာချက်များအားလည်းကောင်း မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ထို့အတူ ကျေးရွာအုပ်စု ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် volunteer အဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် အသိပေး ကြေညာလျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)