ဒဂုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

ဒဂုံ     စက်တင်ဘာ   ၁၀

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယမန့်နေ့ နေ့လယ် (၁) နာရီက ကျားကူး ကျောင်းတိုက်  ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးအောင်ကိုကို၊   မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဌ  ဒေါ်မေမေသန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ၊  သက်ဆိုင်ရာ နိုင်ငံရေးပါတီ(၅)ပါတီမှ ကိုယ်စားလှယ်(၅)ဦး တက်ရောက် ကြောင်း သိရသည်။

အစည်းအဝေးတွင်  မြို့နယ်ကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌ ဒေါ်မေမေသန်းက ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပေးပြီး ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ပွင့်ဖူးမောင်မောင်က ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီများအား  မဲဆွယ်စည်းရုံးရေးဆိုင်ရာ လိုက်နာ  ဆောင်ရွက်ရမည့်အချက်များ၊  စည်းမျဉ်း၊  စည်းကမ်းများကို  အသေးစိတ်  ရှင်းလင်းခဲ့သည်။ 

ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာနိုင်ငံရေးပါတီများကသိရှိလိုသည်များ မေးမြန်း ဖြည့်စွက် တင်ပြကြရာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက  ပြန်လည်ဖြေကြားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)