ကြို့ပင်ကောက် စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်သန်းက စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင်ဦးသိန်းစိုးက ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဖြစ်ပေါ်လာပုံနှင့် အဓိပ္ပါယ်၊ ဆောင်ရန်နှင့် ရှောင်ရမည့်အချက်တို့ကို ရှင်းလင်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးငြိမ်းသူက မဲဆွယ်စည်းရုံးရေးလုပ်ငန်း များတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာကာလအတွင်း ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များ၊ အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစန်းအောင်က မဲဆွယ် စည်းရုံးရေး ကာလအတွင်း ပါတီဆိုင်းဘုတ် ပိုစတာများစိုက်ထူခြင်းနှင့်ပတ်သက်ပြီး လိုက်နာ ရမည့် စည်းကမ်းချက်များကို ရှင်လင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ၏ သိလိုသောမေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေး ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီ (၇)ပါတီမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)