ရွှေကူ ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါကဗျာရွတ်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အာဇာနည်နေ့ အကြောင်းကို သိရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင် မှုရှိပြီး အားလပ်ချိန်ကို တန်ဖိုးရှိစွာအသုံးချတတ်စေရန်နှင့် ဉာဏ်ပညာတိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၃) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ဇူလိုင်လ ၁၇ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော “ စံပြုအပ်သော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်စိတ်ဓာတ် ” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ “ အောက်မေ့ဖွယ်အထိမ်းအမှတ်အာ ဇာနည်နေ့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခင်ပပသိန်း(ပြန်/ဆက်)