မိုးညှင်းတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုးညှင်း ဇူလိုင် ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ရတနာ ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ်ကိုယ်စား ဘူမိဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ မြင့်ဦးက မြန်မာ့သမိုင်းမှာ တိုင်းပြည်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးနှင့် ကြုံတွေ့ခဲ့ရသည့် မမေ့နိုင်စရာ ကြေကွဲ ဝမ်းနည်းဖွယ် နေ့တနေ့ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အားဇာနည် ခေါင်းဆောင်ကြီးများ၏ မျိုးချစ် စိတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ် စေတနာအမှန်တို့ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြသော အာဇာနည်တို့၏ ဂုဏ်ရည်ကို ကမ္ဘာတည်သရွေ့ မေ့ပျောက်၍ မရနိုင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍  သမိုင်းဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာဝေဝေဟိန်းက “စိန်ရတုတိုင်ခဲ့ပြီ အာဇာနည်” ဟူသော ခေါင်းစဉ်ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်း အချက်အလက်များနှင့် သမိုင်းဖြစ်စဉ်အကျဉ်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်ပြီ အတုယူ အားကျနိုင်စေရန်အတွက် ရည်ရွယ်၍ ဟောပြောခဲ့သည်။

ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ အဖွဲ့ဝင်ဗိုလ်မှူး အားကာဦး၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်နှင့် ပါမောက္ခ(ဌာနမှူး) ဆရာ၊ ဆရာမကြီးများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)