ကော့သောင်း ၊ စက်တင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေး အသင်းတို့ပူးပေါင်း၍ ရင်ခွင်မဲ့ကလေးသူငယ်လျော့ချရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေး စက်တင်ဘာလ ၉ရက်နေ့မွန်းလွဲ၁နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ဆွေးနွေးရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲမှာ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိဒေါ်ဥမ္မာချို က အွန်လိုင်းတွင်လွှင့်တင်အသိပညာပေးနိုင်ရေး ရင်ခွင်မဲ့ကလေးသူငယ်လျော့ချရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက်ဆွေးနွေးမှုအစီအစဉ်တွင် ကော့သောင်းခရိုင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးအောင်နှင့်အတွင်းရေးမှူး ဒေါ်ရီရီအေးတို့က ကော့သောင်းခရိုင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)အနေဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိသည့် မွေးကင်းစ ကလေးများစွန့်ပစ်ခြင်းကို ကာကွယ်ပေးသည့်လုပ်ငန်းများ၊ အမျိုးသမီးများအားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့်မလိုလားအပ်သော ကိုယ်ဝန်ဆောင်ရခြင်းများကိုကာကွယ်နိုင်ရေး ပညာပေး ဆောင်ရွက်ပေးမှုအခြေအနေများ၊ တစ်ကိုယ်ရေမိခင်ဖြစ်လာမှုအား ရင်ဆိုင်နိုင်ရေး ကူညီပံ့ပိုးပေးမှုလုပ်ငန်းများ ၊ အမျိုးသမီးများနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေပါ အခြေခံအခွင့်အရေးများအား ဖေါ်ဆောင်ရာတွင် အထောက်အကူပေးဆောင်ရွက်မှုအခြေအနေများကို အသိပညာပေးဆွေးနွေးကြသည်။
ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှု ကာလအတွင်း အများပြည်သူသိရှိလေ့လာနိုင်ရန် အွန်လိုင်းမှတဆင့် အသိပညာပေးလုပ်ငန်းအဖြစ် အဆိုပါအစီအစဉ်အား ကော့သောင်းခရိုင်ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာ တွင်လွှင့်တင်ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)