နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပုံတူပန်းချီပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

နောင်ချို   ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံတူပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၁၀နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အာဇာနည်နေ့ အထိမ်းအမှတ် ပုံတူပန်းချီပြိုင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ပုံတူပန်းချီပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးတို့က အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်များအား အာဟာရအဖြစ် မုန့်များ ကျွေးမွေးဧည့်ခံခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ကို အောက်မေ့သတိရစေရန်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ စံနမူနာယူဖွယ် လုပ်ဆောင်ချက်များကို လေးစားတန်ဖိုးထားပြီး အတုယူနိုင်စေရန်ရည်ရွယ်၍ ပုံတူပန်းချီပြိုင်ပွဲ၊ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)