တာလေ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အများပြည်သူများ အိမ်အပြင်ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အထကောင်းများ ရရှိစေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ခရီးသွားပြည်သူများ လမ်းသွား၊ လမ်းလာ ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်း မရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး တာလေမြို့ တာလေတံတားရှိ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေး ဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တာလေမြို့ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖတို့ ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေး လှုပ်ရှားမှု အနေဖြင့် တာလေမြို့အတွင်း ဝင်/ထွက် သွားလာနေသော ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ခြင်း ရှိ/မရှိ စစ်ဆေးသည်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်ခွာပါက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ Mask တပ်ဆင်သွားလာကြရန် အသိပေးပြောကြားပြီး Mask တပ်ဆင်သွားလာခြင်း မရှိသူများအား ဒဏ်ပေးစနစ်ဖြင့် Mask ၁၀ ခုကို ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်းနှင့် အများပြည်သူများအနေဖြင့် မည်သူမဆို နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရေးနှင့် အသိပညာပေး လုပ်ငန်းများကို ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)