ပူတာအို ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက ပူတာအိုမြို့ မြို့မရပ်ကွက် တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကြွရောက်လာသည့် ဧည့်ပရိသတ်အပေါင်းက “နမောဿ” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ပူတာအိုမြို့ ဟိုခိုရပ်ကွက်ရှိ ဇေယျာသိဒ္ဓိကျောင်းတိုက် ဆရာတော်ထံမှ တက်ရောက်လာသည့် ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်တော်မူသည့် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များနှင့် မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက ဆရာတော် သံဃာတော်များထံ ဝါဆိုသင်္ကန်းများနှင့် ဝတ္တုအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ တောင်တန်းသာသနာပြာ (ဗဟို)ကျောင်းတိုက် ဆရာတော်က အနုမောဒနာတရား ချီးမြှင့်တော်မူပြီး အခမ်းအနား တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းက “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)