လောင်းလုံး စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အစီအစဉ်ဖြင့် သောကြာပြင်စျေးတွင် နှာခေါင်းစည်း တပ်ဆင်၍စျေးရောင်းစျေးဝယ်မှု ရှိ/မရှိ ကို ဒုတိယအကြိမ် ထပ်မံကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ လူစုလူဝေးနေရာများ ဖြစ်သည့် စျေးများ၊ စားသောက်ဆိုင်များတွင် နှာခေါင်းစည်းများ တပ်ဆင်လာကြသောကြောင့် ရောဂါကူးစက် ပြန့်ပွားမှုများ မရှိစေရန် ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျန်းမာရေး အသိ ပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ လောင်းလုံးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်း၍ လောင်းလုံးမြို့နယ်၊ သောကြာပြင်စျေးတွင် ပထမအကြိမ် စစ်ဆေးမှုပြုရာ၌ စျေးတွင်နှာခေါင်းစည်းတပ်ဆင်၍ စျေးရောင်း၊ စျေးဝယ်မှု အနည်းစုသာတွေ့ရှိရပြီး ဒုတိယအကြိမ်ထပ်မံ၍ စစ်ဆေးခြင်း ဖြစ်သည်ဟု လောင်းလုံးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေးထံမှ သိရှိရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက် လိုက်နာ ဆောင်ရွက်မှုမရှိသူအားတစ်ဦးလျှင် ဒဏ်ငွေ ၅၀၀၀ ကျပ် အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းသိန်း