လိပ်သို စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ အဖြစ်များသည့် ဒေသမှ ပြန်လာသူများအား Quarantine Center တွင် (၂၁) ရက် နေထိုင်စေရန်နှင့် ရပ်ကွက် ကျေးရွာများတွင် နေထိုင်ခွင့်မပြုရန်၊ သက်ဆိုင်ရာ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်ဖြင့် ရောင်းချ ရန်၊ မြို့ပေါ်/ရပ်ကွက် ကျေးရွာတွေမှာ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးရန်နှင့် Quarantine ဝင်သူ အားလုံးကိုလည်း Swab ယူထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လိပ်သိုမြို့ တိုက်နယ်ဆရာဝန်ဒေါက်တာ ဇေယျာဦးက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အရေးယူ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးရာတွင် လိပ်သိုမြို့အတွင်း ဈေးသည်များ ဈေးလှည့်လည်ရောင်းချခြင်း မပြုရန်နှင့် မြို့အဝင်ဂိတ်တွင်သာ ရောင်းချကြရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ဒေသမှ ပြန်လာသူများသည် ခိုင်မာသည့် အထောက်အထားများ ပြည့်စုံစွာယူလာကြရန်၊ အထောက် အထားမခိုင်လုံပါက Quarantine Center တွင် မိမိအစီအစဉ်ဖြင့် နေထိုင်ရန် စသည်တို့ကို အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေး ကော်မတီဝင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)