မန္တလေး၊ စက်တင်ဘာ ၁၀
ကြက်သွန်ဈေးကောင်းမရလို့ တောင်သူတွေအရောင်းအဝယ်မကောင်းဘူးလို့ ကြက်သွန်စိုက် တောင်သူတချို့ထံက သိရသည်။
"မနှစ်က ဒီချိန်ဘင်္ဂလားဒေ့ရှ်ကလည်း ဝယ်တယ်၊ တရုတ်ကလည်း ဝယ်တယ်၊ မနှစ်ကဈေးကောင်း တော့ ဒီနှစ်စိုက်ဧကစိုက်အားလည်း များတယ်၊ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီနှစ်မှာလုံးဝမဝယ်သေးဘူး၊ ဒီနှစ် တရုတ်က ဝယ်တော့ဝယ်တယ်၊ နည်းတယ်၊ ပြည်တွင်းစားသုံးမှုက ပုံမှန်ပဲရှိတာဆိုတော့ ထွက် နှုန်းများနေတဲ့အခါ ကြက်သွန်ဈေးမတက်ဘူး ဖြစ်နေတယ်၊ ရောင်းလိုအားများပြီး ဝယ်လိုအား နည်းတဲ့သဘော၊ ထွက်ပေါက်တွေ ဒီထက်ပိုပြီးတော့ ကောင်းမှသာတောင်သူတွေပိုပြီး အဆင်ပြေစေ နိုင်တဲ့အနေအထားမျိုးပေါ့၊ အခုလက်ရှိကတော့ ကိုဗစ်နဲ့ဆိုတော့ အားလုံးရိုက်ခတ်နေကြတော့ ကြက်သွန်သမားတွေအတွက် စိုက်ပျိုးစရိတ်တောင်မရဘူး"ဟု မန္တလေးတိုင်းဒေသကြီး ကြက်သွန်နီ ကြက်သွန်ဖြူ၊ စားဖိုဆောင်သီးနှံအသင်းဥက္ကဋ္ဌ ဦးဇော်မျိုးဦးက ပြောသည်။
ယခင်နှစ်က ကြက်သွန်နီတစ်ပိဿာနယ်ဝယ်ဈေး တစ်ထောင်ကျပ်ဝန်းကျင်ရှိရာက ယခုနှစ် ကြက် သွန်နီတစ်ပိဿာ နယ်ဝယ်ဈေး ၃၅၀ ကျပ်နဲ့ ၄၀၀ ကျပ် ဝန်းကျင်ရှိကြောင်း၊ ကြက်သွန်နီကို ကျောက်ဆည်၊ မြစ်သား၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ မိတ္ထီလာ၊ ဆိပ်ဖြူ စတဲ့ဒေသတွေမှာ အများဆုံးစိုက်ပျိုးကြပြီး တရုတ်ပြည်သို့ အများဆုံးတင်ပို့ရကြောင်း သိရသည်။
ထိပ်ထားနိုင်