နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးကြည့်ရှု

နမ့်ဆန် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာအုပ်စု မန်ကန်ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဘုန်းတော်ကြီးကျောင်းဆောင်သစ် တည်ဆောက်ခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံခန်ခွဲ့မှု ကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးဌာန မြို့နယ်ဆရာဝန်ကြီးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးတို့က ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကိုဗစ်-၁၉ ကာလအတွင်း မန်ကန်ကျေးရွာအုပ်စု မန်ကန်ကျေးရွာရှိ နိုင်ငံတော်အစိုးရထောက် ပံ့ငွေနှင့် အလှူရှင်များတို့၏ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် မန်ကန် ဘုန်းတော်ကြီး ကျောင်းတိုက် ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲစာရင်းတွင် ပါဝင်ပြီး အသက်(၁၈)နှစ် ပြည့်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိ သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဝန်ထမ်းများတို့က နိုင်ငံသား စိစစ်ဆေးရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုများနှင့် မန်ကန် အောက်ရွာ (၁၃)မိုင်ရှိ ကျောက်ထုတ်စခန်း လုပ်သားမိသားစုများ လုပ်ငန်းခွင်အတွင်း နေထိုင်စဉ် ကျန်းမာရေးဆိုင်ရာ လိုက်နာရန် ဆွေးနွေးခြင်း၊ မန်ကန်ကျေးရွာ ကျန်းမာရေးဌာန အဆောက် အဦ ဆောက်လုပ်ရန် မြေနေရာ ရွေးချယ်လျာထားခြင်းများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကျေးရွာ တာဝန်ရှိ သူများ တို့နှင့် အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)