မန္တလေး၊ စက်တင်ဘာ ၁၀
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၁၉လမ်း၊ ၈၈လမ်းနှင့် ၈၉လမ်းကြားရှိ အရန်မီးသတ် စခန်းတွင် ယနေ့နံနက် ၁၀နာရီခန့်က သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက မီးသတ်တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း၁၀၀ တန်ဖိုးရှိ Mazda Bongo အမျိုးစား၊ မီးဆလိုက်ကား လှူဒါန်းခြင်းကို အဆိုပါ အရန်မီးသတ် စခန်းတွင် ပြုလုပ်သည်။
အဆိုပါ လှူဒါန်းပွဲတွင် မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်က အဖွင့်အမှာ စကားပြောကြားပြီး အလှူရှင် ဒေါ်ဗေဒါရွှေကြာက မီးဆလိုက်ကား လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားကာ မင်းတဲအီကင်းရပ်ကွက်၊ အရန်မီးတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးတင်မောင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အလှူရှင် ဗေဒါရွှေကြာ(မိသားစု)မှ မီးဆလိုက်ကားနှင့်ပတ်သက်၍ စာရွက်စာတမ်းများ ပေးအပ်လှူဒါန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်မှလက်ခံရယူပြီး အဆိုပါ စာရွက်စာတမ်းများကို တပ်ခွဲမှူး ဦးတင်မောင်ဝင်းအား ပြန်လည်လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အလှူရှင်မိသားစုအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပြီး လက်ထောက်ညွှန်ကြားရေးမှူးမှနိဂုံးချုပ်စကားပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင် မိသားစုဝင်များက ကျပ်သိန်း ၁၀၀တန်ဖိုးရှိ Mazda Bongo အမျိုးစား၊ မီးဆလိုက်ကားအား အမွှေးနံ့သာများ ပက်ဖြန်းပေးကြပြီး အမှတ် တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါလှူဒါန်းပွဲသို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်၊ မန္တလေးခရိုင် အရန်မီးသတ်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးကို၊ အတွင်းရေးမှူး ဦးဝင်းစိန်၊ မင်းတဲ အီကင်းရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲမှူး ဦးတင်မောင်ဝင်း၊ မြို့နယ်အတွင်းရှိ အရန်မီးသတ် စခန်းများမှ တပ်ခွဲမှူးများ၊ ဒုတိယတပ်ခွဲမှူးများ၊ တပ်စုမှူးများ၊ အလှူရှင်မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)