ပုလော စက်တင်ဘာလ ၁၀
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာ၀န်ရှိသူများ၊ နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်း ဆွေးနွေးခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းများတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင်က ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာ ၈ ရက်နေ့ မှာကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် ၊ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်မင်းက ကိုဗစ်−၁၉ ရောဂါ ပြန့်ပွားနေသည့် အခြေအနေကြောင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ စုဝေးဟောပြောခြင်း၊ မဲဆွယ် စည်းရုံးခြင်း နှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးက လွတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကြေငြာ ဆိုင်းဘုတ်တင်ခြင်းနှင့်ပတ်သက် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ချပြဆွေးနွေးခဲ့ကြသည်။
ထိုနောက် တက်ရောက်လာသော နိုင်ငံရေး ပါတီကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းခဲ့ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး၊ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်သြဇာတိက္ကမ ရှိသူများ၊ပုလောမြို့နယ်အတွင်းရှိ နိုင်ငံရေး ပါတီ (၉)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)