ပုဇွန်တောင်မြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား လှည့်လည် ကြေညာပေး

ပုဇွန်တောင် စက်တင်ဘာ ၁၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးခြင်းနှိုးဆော်ချက်များအား ညစဉ်လှည့်လည်၍ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက   ဆောင်ရွက်ပေးလျက် ရှိပါသည်။

ထိုသို့ကြေညာဆောင်ရွက်ရာတွင် ရပ်ကွက် (၁၀) ရပ်ကွက်အတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ် အတွင်းသွားလာမှုရှိခဲ့သူများ မိမိတို့မြို့နယ်အတွင်း ပြန်လည် ရောက်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ကျန်းမာရေး ဌာနများသို့ သတင်းပို့ရန် လိုကြောင်း၊ နေ့စဉ် ည ၁၂ နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုအပေါ် ပြည်သူများလိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာပါက တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတိပေး နှိုးဆော်ချက်များနှင့် ဂရုပြုလိုက်နာရမည့် အချက်များဖြစ်သည့် ပြင်ပထွက်ခွာတိုင်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေခွာ နေထိုင်ရန်၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် ဆေးကြော ပေးရန်စသည့် အချက်များကို လိုက်နာဆောင်ရွက်ကြရန်လိုကြောင်းတို့ကို ပြည်သူများသိရှိနိုင်ရန် ကြေညာ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နေခြည်(ပြန်/ဆက်)