တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တောင်ဥက္ကလာပ ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်(၇)နာရီက အမှတ်(၇) အခြေခံပညာမူလတန်း ကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းဝန်းအတွင်းခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း ၊ကျောင်းဝန်းအတွင်းခြင်များ ပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာဟောင်း  များနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း/အပြင် ရေနှုတ် မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ ရေစည်၊ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်းခြင်များ ပေါက်ပွားမှုကင်းဝေစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များအတွင်းခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ခြင်ဆေးများ မှုတ်ပေးခြင်း စသည်ဖြင့် ကျောင်းသား၊ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)