မြဝတီမြို့အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

မြဝတီ၊ စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသ နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်က မြဝတီမြို့နယ် ဝှေ့ရှမ်းကျေးရွာ၊ သံပုရာကျေးရွာ၊ စံပါလိုက်ကျေးရွာ၊ ဇရက်ဖြူကုန်းကျေးရွာ နှင့် မဲ့ပလဲ့ကျေးရွာတို့တွင် ကွင်းဆင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများနှင့် မြဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လမ်းပေါ် တွင်သွားလာသော ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာပါက မဖြစ်မနေ နှာခေါင်းစည်းများ စနစ် တကျတပ်ဆင်ပြီးသွားရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ထို့ပြင် ကျေးရွာများရှိ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်