ဘားအံ စက်တင်ဘာ ၁၀
မှိုသည် မြန်မာတစ်နိုင်ငံလုံး စားသုံးသည့် အစားအစာတစ်မျိုးဖြစ်ရာ မှိုစိုက်ပျိုးခြင်းသည် ဝင်ငွေ ရရှိစေနိုင်သော စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရသည် အချိန်ကာလတွင် (Home Gardener) စိုက်ပျိုးခြင်းဖြင့် ငွေနှင်းမှို စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် တဖက်တစ်လမ်းမှ ဝင်ငွေရရှိစေမည်ဖြစ်ကြောင်းနှင့် ဘားအံမြို့ စိုက်ပျိုးရေး သိပ္ပံ (ဇွဲကပင်) တွင်လည်း ဝန်ထမ်းမိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည်ချိုထံမှ သိရသည်။
မှိုထုပ်ပြုလုပ်ရောင်းချသူများထံမှ ငွေနှင်းမှိုမျိုး တစ်ထုပ်လျှင် အလေးချိန် (၆၀) ကျပ်သားရှိတဲ့ (၆) လက်မ (၁၂) လက်မ အရွယ်ခန့်ရှိ မှိုထုပ်များဝယ်ယူပြီး နေပူတိုက်ရိုက်မကျခြင်း၊ အစိုဓာတ် ထိန်းထားနိုင်သည့် လေပြင်းစွာတိုက်ခတ်မှုမရှိပဲ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ထားရှိ ပေးရကြောင်း သိရသည်။
မှိုမျိုးထုပ်၏ ထိပ်ဝ မျက်နှာပြင်ဖွင့်ပေးခြင်း၊ အထုတ်ဘေးပတ်လည်ပလပ်စတစ်ကို (၂) လက်မ ခန့်ခွဲပေးထားခြင်း၊ မှိုမျိုးထုပ်တွေကို နေ့စဉ်ရေပန်းခရားဖြင့် ညင်ညင်သာသာလေး ရေလောင်း ပေးခြင်းနှင့် မှိုမျိုးထုပ်တွေ ပုပ်ရိပျက်ဆီးမှု မရှိရန် ရေးများများလောင်းခြင်း ရေဝပ်စေခြင်းများ မရှိရန် ဆောင်ရွက်ပေးရကြောင်း သိရသည်။ မှိုထုပ်များ စဖွင့်ပြီး (၃)ရက်မှ(၇)ရက်အတွင်း မှိုပွင့်ငယ်လေးတွေ ထွက်ပေါ်လာပြီး (၄)ရက်ခန့်ကြာချိန်တွင် ခူးဆွတ်နိုင်ပြီး၊ (၁)ထုပ်လျှင် မှိုအလေးချိန် (၂၀) ကျပ်သားခန့်ရရှိနိုင်ကြောင်း သိရသည်။
ထို့သို့ခူးဆွတ်ပြီးပါက မှိုထုပ်များကို ရေနှစ်ရက်ခန့် ဖြတ်ထားပြီး ရေပြန်လောင်းခြင်းဖြင့် ဒုတိယအကြိမ် မှိုပြန်ထွက်လာကာ ထပ်မံခူးဆွတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှိုတစ်ထုပ်လျှင် (၃) ကြိမ်မှ (၅) ကြိမ်အထိ ခူးဆွတ်နိုင်မည်ဖြစ်သောကြောင့် နေအိမ်ခြံဝန်း အတွင်းနေရာ ကျယ်ဝန်းစွာမလိုပဲ တစ်ပိုင်တစ်နိုင်အားဖြင့် မိမိတို့အရပ်ဒေသတွင် ဈေးကွက် ဖြန့်နိုင်သည့် အင်အားအလိုက်ငွေနှင်းမှိုထုပ်များ အထုတ်အရေအတွက်အလိုက် အသုတ်ခွဲကာ ရက်အလိုက် မွေးမြူစိုက်ပျိုးခြင်းဖြင့် ကိုဗစ်-၁၉ကာလ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး (Home Gardener) စိုက်ပျိုးခြင်းဖြင့် တဖက်တစ်လမ်းမှ ဝင်ငွေရရှိစေမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)