ညောင်ဦးခရိုင်တွင် Ngwe Bike Application ဖြင့် စာရင်းပေးသွင်းထားသည့်ကိုယ်ဝန်ဆောင်မိခင် (၉၃၄) ဦးရှိ

ညောင်ဦး၊ စက်တင်ဘာ  ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ ထောက်ပံ့ကြေးပေးနိုင်ရန် Ngwe Bike Application ဖြင့်စာရင်းပေးသွင်းထားသည့် ကိုယ်ဝန်ဆောင်မိခင် (၉၃၄) ဦး လတ်တလောစာရင်းရရှိထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေါ်ဇင်မာဝင်း (ဦးစီးအရာရှိ) ထံက သိရသည်။
ကိုဗစ်-၁၉ကူးစက်ရောဂါကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏လူမှုစီးပွားအပေါ် အကျိုးသက် ရောက်မှုများ လျော့ပါးသက်သာစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညောင်ဦးခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို ငွေဗိုက်အစီအစဉ်ဖြင့်ထောက်ပံ့ ကြေးပေးသွားမည့် အစီအစဉ်အား ဩဂုတ်လကစတင်ပြီး လိုက်လံအသိပေးနှိုးဆော်ကာ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဘော်လံတီယာလူငယ်များက ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းလုပ်ဆောင်ပေးရာ၊ ညောင်ဦးမြို့မှ ကိုယ်ဝန်‌ဆောင်မိခင် (၆၉၉) ဦး၊ ကျောက်ပန်းတောင်းမြို့မှ (၂၃၅) ဦး စာရင်းသွင်းပြုလုပ်ပေးနိုင်ခဲ့ကြောင်း ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနထံက သိရသည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် ငွေဗိုက်အစီအစဉ်ဖြင့် သုံးသောင်းကျပ်စီ ထောက်ပံ့ကြေးပေးသွားမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့အထိ ညောင်ဦးခရိုင်တွင် (၉၃၄) ဦး စာရင်းကောက်ရရှိထားပြီးဖြစ်ကာ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ဆိုင်ရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို Ngwe Bike Application ဖြင့် စာရင်းပေးသွင်းနိုင်ရေးပြသပေးထားပြီး ကိုယ်ဝန်ဆောင်မိခင်များကိုယ်တိုင် စာရင်းပေးသွင်းသည့်စာရင်းများလည်းရှိကြောင်း သိရသည်။
စာရင်းပေးသွင်းကာလမှာ စက်တင်ဘာ (၁၅) ရက်နေ့ ည (၁၁) နာရီအထိဖြစ်ကာ စက်တင်ဘာ (၂၀)ရက်နေ့ နောက်ပိုင်းတွင် မိုဘိုင်းစနစ်ငွေလွှဲခြင်းများနှင့်ငွေသားတိုက်ရိုက်ထုတ်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကျန်ရှိနေသည့်စာရင်း မသွင်းရသေးသည့်ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် Ngwe Bike Application ကို Download ပြုလုပ်ပြီး စာရင်းသွင်းကြရန်လိုအပ်ပါကြောင်း၊ စာရင်းပေးသွင်းရန် အခက် အခဲဖြစ်ပါက ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ရုံးဖုန်းနံပါတ် - ၀၆၁၆၅၁၂၉ သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း ခရိုင်ဦးစီးအရာရှိ ဒေါ်ဇင်မာဝင်းထံက သိရသည်။
ကိုထိန်၊KPD