လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

 

လှိုင်းဘွဲ ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချအမျှဝေခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် နာမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တခေမီသာရာ လင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များထံ ပရိတ်တရားတော်များ နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဘဒ္ဒန္တ ခေမီသာရာလင်္ကာရက ဝါဆိုသင်္ကန်းကပ်လှူရခြင်းနှင့်ပတ်သက်၍ ရရှိနိုင်သည့် အကျိုးတရားများကို တရားတော်များ ဟောကြားတော်မှုခဲ့ပြီး စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို အသီးသီး ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 စောဒိ(ပြန်/ဆက်)