တိုက်ကြီးမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တိုက်ကြီး စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ဌာန အလိုက် ဘတ်ဂျက်သုံးစွဲမှုအခြေအနေ၊ လယ်ယာမြေကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က အဖျောက်မြို့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့်အခြေအနေများ၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အခြေအနေတို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ ဝန်ထမ်းများ လိုက်နာ ဆောင်ရွက်ရေး၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး ဥက္ကံမြို့ အုပ်ချုပ်ရေးမှူးနှင့် အဖျောက်မြို့အုပ်ချုပ်ရေးမှူးတို့က ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေ များကို ဆွေးနွေးခဲ့ကာ ဌာနဆိုင်ရာအကြီးအကဲများက ဌာနအလိုက် ဆောင်ရွက်နေမှု အခြေ အနေများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)