မြစ်သားတွင် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့်အတူ ကိုဗစ် − ၁၉ ​ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပ

မြစ်သား စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၂/၂၀၂၀) နှင့်အတူ ကိုဗစ် − ၁၉ ​ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ကိုဗစ် − ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ နယ်ကျော်သွားလာမှုများ အားလက်အောက်ဝန်ထမ်းများအား ချပြရန်၊ ဌာနဆိုင်ရာရုံးများတွင် ပြင်ပမှဝင်/ထွက်သွားလာမှုများအား မှတ်ပုံတင်စာအုပ် ထားရှိရန်၊ မလိုအပ်ဘဲအခမ်းအနား တွေ့ဆုံပွဲများမပြုလုပ်ရန်၊ လိုအပ်၍ ဆောင်ရွက်မည်ဆိုပါက ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ရန်၊ ဝန်ထမ်းအိမ်ယာများတွင် ခွင့်ပြုချက်မရှိဘဲ တည်းခိုနေထိုင်မှုများ မပြုလုပ်စေရေး ၀န်ထမ်းများအားချပြရန်၊ ဘတ်ဂျက်ကာလ နောက်ဆုံးလဖြစ်၍ လုပ်ငန်းကြွေးကျန်များ ပြီးပြတ်အောင်ဆောင်ရွက်ရန်၊ အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ အား ထောက်ပံ့ပေးမည်ဖြစ်၍ ဌာနဆိုင်ရာကွင်းဆင်း အဖွဲ့များမှ ကြီးကြပ်သွားရန်နှင့် ကိုဗစ် − ၁၉ ရောဂါ မဖြစ်ပွားစေရေး ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာစေရေးအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာများကလည်း ဌာနအလိုက်ဆောင်ရွက်ချက်များကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိန်ပိုက ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စည်းကမ်းချက်များအား ဌာနဆိုင်ရာ များသို့ ရှင်းလင်းခဲ့ပါကြောင်းနှင့် အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ ကူမဲမြို့ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များက တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)