ကျွန်းစုမြို့တွင် ပညာ့ပန်းခင်း ကျောင်းစာကြည့်တိုက် ဖွင့်လှစ်

ကျွန်းစု၊ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၀ ပြည့်နှစ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းတို့ အကောင်အထည်ဖော် ဆောင်ရွက်သော အ.ထ.က ကျွန်းစုကျောင်းရှိ ပညာ့ပန်းခင်းကျောင်းစာကြည့်တိုက်ကို ယမန်နေ့ညနေ (၃) နာရီခွဲ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာကြည့်တိုက်ကို ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး “ပညာ့ပန်းခင်း” ကျောင်းစာကြည့်တိုက် ဆိုင်း ဘုတ်ကို နံ့သာရည်ဖြင့် ဖျန်းပက်ခဲ့ကြသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်တွင် သုတ/ရသ စာအုပ်မျိုးစုံရှိ၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပပြည်သူများ အသင်းဝင်ကတ်များပြုလုပ်ပြီး မည်သူမဆို ငှားရမ်းဖတ်ရှုနိုင်ပြီးဖြစ်ကြောင်း၊ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ စာကြည့်တိုက်ကို ဖွင့်လှစ်ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)