ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၄)ဦးအား သက်ဆိုင်ရာ ဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  စက်တင်ဘာ    ၁၀

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ  မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့  ပြန်လည် ရောက်ရှိ နိုင်ရေးအတွက်  စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ   စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၃)ဦး နှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲ အချိန် က (၂၁)ဦး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၂၄) ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၂၄)ဦးမှာ အမျိုးသား(၁၉)ဉီး၊ အမျိုးသမီး(၅)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဉီး၊ မန္တလေးတိုင်းဒေသကြီးမှ(၁၂)ဉီး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ(၃)ဉီး၊  ပဲခူးတိုင်း ဒေသကြီးမှ(၁)ဉီး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၃)ဉီး၊ နေပြည်တော်မှ(၁)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ(၂)ဉီးနှင့် ရှမ်းပြည် နယ်အရှေ့ပိုင်းမှ(၁)ဉီး တို့ဖြစ်သည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ် လွှဲပြောင်း ပို့ဆောင် ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့ အထိ အမျိုးသား(၈၃၁၈)ဉီးနှင့် အမျိုးသမီး(၆၇၀၆)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၀၂၄) ဉီး တို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)