တန့်ယန်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြို့ဝင်/မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ် ကြပ်မတ်ဆောင်ရွက် နေလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် တန့်ယန်းမြို့နယ် အတွင်းသို့ အခြားနေရာ ဒေသများမှ လာရောက်လျက်ရှိကြသူများ၊ ခရီးသွားများနှင့် မော်တော် ယာဉ်များ အားလုံးတို့ကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လူအဝင်/အတွက် ကြည့်ရှုစစ်ဆေးခြင်းအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မိုင်းပါတ် ကျေးရွာအဝင် ဂိတ်နှင့် မန်ကတ်ကျေးရွာ ဂိတ်များ ဖွင့်လှစ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)