မြစ်သားတွင် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်−၁၉ ​ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပ

မြစ်သား  စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၂/၂၀၂၀)နှင့်အတူ ကိုဗစ်−၁၉ ​ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ကို ဗစ်−၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ နယ်ကျော် သွားလာမှုများအား လက်အောက်ဝန်ထမ်းများအားချပြရန်၊ ဌာနဆိုင်ရာရုံး များတွင် ပြင်ပမှဝင်/ထွက် သွားလာမှုများအား မှတ်ပုံတင်စာအုပ်ထားရှိရန်၊ မလိုအပ်ဘဲ အခမ်းအနား တွေ့ဆုံပွဲများမပြုလုပ်ရန်၊ လိုအပ်၍ ဆောင်ရွက်မည်ဆိုပါက ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသည့်စည်းမျဉ်း စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ရန်၊ ဝန်ထမ်းအိမ်ယာများတွင်ခွင့်ပြုချက်မရှိဘဲ တည်းခိုနေထိုင်မှုများ မပြုလုပ်စေရေး၀န်ထမ်းများအားချပြရန်၊ ဘတ်ဂျက်ကာလ နောက်ဆုံးလဖြစ်၍ လုပ်ငန်းကြွေးကျန်များ ပြီးပြတ်အောင်ဆောင်ရွက်ရန်၊ အခြေခံလူတန်းစား များအား တတိယအကြိမ် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ အား ထောက်ပံ့ပေးမည်ဖြစ်၍ ဌာနဆိုင်ရာကွင်းဆင်း အဖွဲ့များမှ ကြီးကြပ် သွားရန်နှင့် ကိုဗစ်−၁၉ မဖြစ်ပွားစေရေး ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်စည်းကမ်းချက် များနှင့် အညီ လိုက်နာစေရေးအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တို့ကိုမှာကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လည်း ဌာနအလိုက် ဆောင်ရွက်ချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိန်ပိုက ကိုဗစ်−၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ စည်းကမ်းချက်များအား ဌာနဆိုင်ရာများသို့ ရှင်းလင်းခဲ့ပြီး အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ ကူမဲမြို့ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက တက်ရောက်ခဲ့ကြောင်း သိရှိ ရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)