တာမိုးညဲ စက်တင်ဘာ ၁၀
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် လမ်းညွှန်စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က တာမိုးညဲမြို့၊ မြို့နယ်(ခွဲ) စည်ပင် သာယာရေး ဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်(ခွဲ)စည်ပင်သာယာရေးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းလွင်ဦးနှင့် ဝန်ထမ်းများက တာမိုးညဲမြို့တွင်းရှိ ဈေးဆိုင်များကို လိုက်လံ စစ်ဆေး ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်ထားသည့် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ထပ်မံရှင်းလင်း အသိပေး ပြောကြားခြင်း၊ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ (၆)ပေအကွာအဝေးဖြင့် ဈေးရောင်းချကြရန်နှင့် ဈေးဆိုင်နှင့် စားသောက် ဆိုင်ရှင်များအနေဖြင့် မဖြစ်မနေလိုက်နာသင့်သည့် ကျန်းမာရေးလမ်းညွှန်ချက်များကိုလည်း မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒေသအရပ်ရပ်မှ တာမိုးညဲမြို့သို့ ရောက်ရှိလာသူတိုင်းကို ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် နေရာဒေသမှ ရောက်ရှိ လာသူများကိုလည်း (Quarantine)စနစ်တကျ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ဌေးဌေးကြည် (ပြန်/ဆက်)