လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာလ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများအတွင်း နေထိုင်ကြသည့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် အိမ်တိုင်ရာရောက် လိုက်လံ၍ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူများမှ ကြည်ဖြူစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး တစ်ဦးချင်း ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အပြင်သွားပါက နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင်ရန် မှာကြားခြင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာနေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်သည်။
အဆိုပါ ကျန်မာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)အုပ်စုတွင် နေထိုင်လျက်ရှိသော အများပြည်သူများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို တစ်နေ့လျှင် ရပ်ကွက်/ ကျေးရွာ တစ်ခုချင်းအလိုက် အိမ်ထောင်စု(၂၀၀)ကျော်ခန့်အား နေ့စဉ် အိမ်တိုင်ရာရောက် လိုက်လံ ဆောင်ရွက်ပေးလျက်ရှိပြီး ယမန့်နေ့မှ စတင်၍ ရက်သတ္တပတ်(၂)ပတ်အတွင်း တစ်အိမ်တက်ဆင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)