ဖာပွန်၊ စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်များအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ရီရီခိုင်က မဲဆွယ်စည်းရုံး မည့် နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံးရေးကာလအတွင်း အခြားပါတီများအား အသရေဖျက်ခြင်း၊ ပုတ်ခတ်ခြင်း မပြုရန်၊ ပါတီမူဝါဒလမ်းစဉ်များကို ပြင်ဆင်ရေးဆွဲပြီး ၎င်းမူဝါဒလမ်းစဉ်များကို အခြေခံလျက် မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးဝေဖြိုးဦး(ကိုယ်စား) ဦးဇော်လင်းနိုင်က နိုင်ငံရေးပါတီများအနေဖြင့် စုဝေးဟောပြောပွဲလုပ်လိုသည့်နေရာ၊ နေ့ရက်၊ အချိန်တို့ကို သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသောနိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း၊ အစည်းအဝေးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)