ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

ရှမ်းရွာသစ် ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများနှင့် ဒေသနေပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်ရန်အတွက် ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် စိတ်ကြွဆေးပုံစံအမျိုးမျိုး၊ ဘိန်းသီးမှဘိန်းဆီထုတ်လုပ်သည့် အကြောင်းအရာများ၊ အခြားနိုင်ငံများတွင် တွေ့ရှိရသော အက်ဖက်တမင်းပုံစံမျိုးကွဲများ၊ ၁၉ ရာစုနှောင်းပိုင်း တွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ ကာကွယ်တိုက်ဖျက်လက်ချင်းယှက် စသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကဗျာ၊ ကာတွန်းများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများပါဝင်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းရွာသစ်မြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် နေ့ထူးနေ့မြတ်ဆိုင်ရာ အကြောင်းအရာများ၊ အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာများနှင့် ဒေသနှင့်လျော်ညီသည့် အသိပညာပေးအကြောင်းအရာများကို လစဉ် အသစ်လဲလှယ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)