မိုင်းကိုင် ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ဗုဒ္ဓဘာသာဝင်များ၏ ဝါတွင်းကာလတွင်ကောင်းမှု ကုသိုလ်ပြုလုပ်သည့်အနေဖြင့် နယ်မြေခံတပ်မှ တပ်မတော်ဆေးကုသရေးအဖွဲ့သည် ယမန်နေ့နေ့လည်က အမှတ်(၄)ရပ်ကွက်၊ မဇ္ဈိမရာမ ပရိယတ္တိစာသင်တိုက် (ကျောင်းကန်)ဘုန်းတော်ကြီးကျောင်းတွင် အခြေပြုကာ ရဟန်းရှင်လူ မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွင်းဆင်းမှုတွင် ကျောင်းကန်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ၊ ဝါတွင်းကာလ ဥပုဒ်ရက်ရှည်ဆောက်တည်ကြသည့် ဘိုးဘွားများနှင့် ရပ်ကွက်လုပ်သား ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ရောဂါစစ်ဆေးကုသပေးခြင်း၊ တိုင်းရင်းဆေးများအား အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ရာ ရဟန်းရှင်လူ မိဘပြည်သူ ၇၀ ဦးကျော်ကို ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)