မိုးကုတ် စက်တင်ဘာ ၁၀
ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ မြို့မအုပ်စု အုပ် ချုပ်ရေးမှူးရုံး၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးဦးထင်ကျော်ဦးဆောင်သည့် ခရိုင်မဲဆန္ဒရှင်စာရင်း စိစစ်ရေးအဖွဲ့ သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒုတိယ အကြိမ် ထုတ်ပြန်မည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန် စွာ ထုတ်ပြန်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့သည် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့များ၊ ရပ်/ကျေးကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မဲစာရင်းများ မှန်ကန်စွာ ထုတ်ပြန်နိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ပြီးမြို့နယ်အနေဖြင့် လိုအပ်ချက်များရှိပါကအချိန်မီတင်ပြကာ ကြို တင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အဆိုပါ စိစစ်ရေးအဖွဲ့သည် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်မဲစာရင်း စိစစ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ စည်းမျဥ်းများ ဆွေးနွေးခဲ့ကြသည်။
မိုးကုတ်မြို့နယ်တွင် ရပ်ကွက်ကြီး(၅)အုပ်စု ရှိကာ ကျေးရွာ (၂၉ )ရွာတွင် မဲရုံပေါင်း ၁၄၄ ရုံနှင့် မဲပေးနိုင်သူဦးရေ (၁၄၂၃၀၁)ဦးရှိပြီး ၊ ယနေ့ စက်တင်ဘာလ ၉ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မဲဆန္ဒရှင်စာရင်းများ ပြောင်းလဲမှုရှိနိုင်ကြောင်း သိရသည်။
ကျော်ဇေယျာမြင့်(ပြန်/ဆက်)