သာစည် စက်တင်ဘာ ၁၀
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅ ဦး ရှိပြီဖြစ်ရာ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
အဆိုပါ လိုက်နာရမည့် အချက်များတွင် သာစည်မြို့အခြေပြုပြေးဆွဲလျက်ရှိသော ခရီးသည်ယာဉ်လိုင်းများအားလုံး စက်တင်ဘာ ၈ ရက်နေ့မှ စတင်ရပ်နားသွားရန်၊ မြို့နယ်အတွင်း မရှိမဖြစ်လိုအပ်သော စားသောက်ကုန် ရောင်းချသည့် လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ ဘဏ် များ အစရှိသည့် လုပ်ငန်းများမှအပ ကျန်လုပ်ငန်းများအားလုံး စက်တင်ဘာ ၈ ရက်နေ့မှစ၍ ဖွင့်လှစ်ခြင်းမပြုရန်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအားလုံး ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိစေပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ သွားရန်၊ ပြည်သူများအနေဖြင့်မလိုအပ်ပဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်၊ နေအိမ်ပြင်ပ ထွက်ခွာတိုင်း နှာခေါင်းစည်း စနစ်တကျ လုံခြုံစွာ တပ်ဆင်သွားရန်နှင့် တစ်ဦးနှင့်တစ်ဦး Social Distancing အတိုင်း လိုက်နာ နေထိုင်ကြရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပဲ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းတို့ ပါဝင်ကြောင်းသိရသည်။
လိုက်နာရမည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ ယမန်နေ့တွင်မြို့ပေါ်ရပ်ကွက်များနှင့်မြို့မဈေးကြီးတို့တွင် အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်