ပင်းတယမြို့၊ စေတီကြီးပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး( ၁၀၉) ပါးအား ဝါဆိုသင်္ကန်းဝါဆိုပန်းများ ဆက်ကပ်လှူဒါန်း

ပင်းတယ ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ စေတီကြီးပရိယတ္တိ စာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူကြမည့်သံဃာတော်(၁၀၉)ပါးတို့အား ဝါဆိုသင်္ကန်း ဝါဆိုပန်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ ( ဇူလိုင်လ၊ ၁၃)ရက်၊ ညနေ(၃)နာရီ အချိန်တွင် အဆိုပါ စေတီကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင်၊ စေတီကြီးကျောင်းထိုင် ဆရာတော်အရှင်ပညာသာရနှင့် ဥူးပဇင်း ရဟန်းများ၊ စေတီကြီးပရိယတ္တိစာသင်တိုက် ဦးဆောင်စာချဆရာတော် ဒေါက်တာအရှင်ခေမဉာဏနှင့် ပရိယတ္တိစာပေပညာသင် ရဟန်းသာမဏေများက စေတီကြီးကျောင်းတိုက် ဗုဒ္ဓရုပ်ပွားတော်မြတ်အရှေ့ရှိ သတ်မှတ်နေရာများသို့ ကြွရောက်တော်မူပေးကြရာ၊ မိဘပြည်သူများနှင့် ဧည့်သည်တော်များက ဝါဆိုပန်းစည်းများဆက်ကပ်လှူဒါန်းပေးကြသည်။ ထို့နောက် ကျောင်းထိုင်ဆရာတော်နှင့်သံဃာတော်များက ဗုဒ္ဓမြတ်စွာဘုရားရုပ်ပွားတော်ထံ ဝါပန်ဝင်ခွင့် တရားများရွတ်ဖတ်ကြပြီး ဝါတွင်းကာလ၌ သတ်မှတ်နေရာပတ်ဝန်းကျင်၌သာ သီတင်းသုံးနေထိုင်မည်ဟု ကတိသစ္စာပြုဆိုခဲ့ကြသည်။ ဝါဆိုတော်မူပြီး၍ ဒကာ/ ဒါယိကာမတို့က သြကာသ ကန်တော့ကျိူးဖြင့် ညီညာဖြဖြရွတ်ဆိုပြီးဆရာတော်ဘုရားမှ (၅) ပါးသီလ ချီးမြှင့်ကာ၊ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့မှ သင်္ကန်းအလှူရှင်များနှင့် ရပ်ဝေးရပ်နီးမှ သင်္ကန်းအလှူရှင်များ၏ကိုယ်စား ရပ်မိရပ်ဖများကလှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အေးအေးလတ်