ဒဂုံအရှေ့ ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်မထိုးနှံရသူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းတို့၌ စုရပ်(၃)နေရာသတ်မှတ်၍ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို Sinopharm ဒုတိယအကြိမ်အဖြစ် ထိုးနှံရာတွင် အမှတ်(၁)အခြေခံပညာ မူလတန်း ကျောင်းမှ(၁၄၃)ဦး၊ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းမှ(၁၀၇)ဦး၊ အမှတ်(၁၉) အခြေခံပညာမူလတန်းကျောင်း(၅၈၉)ဦး ၎င်းကျောင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် မထိုးနှံရသူ(၆၀)ဦး စုစုပေါင်း(၈၉၉)ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းများတွင် ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း၍လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်