နေပြည်တော် ဇူလိုင် ၁၄
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို အများပြည်သူ ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Quick Win Project အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောခဲ့သည်။
ဟောပြောပွဲတွင် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်က“ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးအောင်က “ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်”၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စွာက “မူးယစ်အန္တရာယ် လူ့ရန်စွယ်”၊ “လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့”၊ “မိုင်းအန္တရာယ်အသိပညာပေးခြင်း” စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)