ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၅) မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၂) နာရီက ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအတ္ထုပတ္တိများအကြောင်း အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် အာဇာနည်စိတ်ဓာတ်များအကြောင်း၊ အာဇာနည်နေ့အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဦးစီးအရာရှိဒေါ်ခင်နှင့်ရီက အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံအတွက် မမေ့အပ်သည့် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သောကြောင့် အမျိုးသားရေးတာဝန်အဖြစ် အမြဲအောင့်မေ့သတိရပြီး ကျောင်းသားလူငယ်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်များကို အတုယူကာ မျိုးချစ်စိတ်ဓာတ်ရှင်သန်မြက်ရေး၊  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လောသော ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)