တိုက်ကြီး စက်တင်ဘာ ၁၀
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19)ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား စက်တင်ဘာ လ ၈ ရက်နေ့မှစ၍ နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာလ ၅ ရက်နေ့တွင် အသိပညာပေးနှိုးဆော်ထားပြီး ဖြစ်သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ထားချက်အား ဥက္ကံမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေး ကြပ်မတ် ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဥကံ္ကမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်၊ ဥက္ကံမြို့ရဲတပ်ဖွဲ့၊ ဥက္ကံမြို့စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)