ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၃
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန်များတွင် တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများနှင့် ရောဂါကုသကာကွယ်ဆေးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရှိရာ တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသည့် ခွာနာရောဂါ၊ အရေပြားအကျိတ်ရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ အသိပညာပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို (၁၀-၇-၂၀၂၂) မှ (၁၇-၇-၂၀၂၂) ရက်နေ့အထိ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် သတ်မှတ်၍ အသိပညာပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကြာအင်းရွှေဒိုးကျေးရွာအုပ်စု၊ ရွှေလင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းသွားရောက်ပြီး ဒေသခံပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဒေသခံပြည်သူများအား အသိပညာပေးဟောပြောရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးလွင်က မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစိပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ကျွဲ၊ နွား တိရစ္ဆာန် တို့တွင် ဖြစ်ပွားလေ့ရှိသည့် ခွာနာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါနှင့် အရေပြား အကျိတ်ရောဂါများနှင့်ပတ်သက်၍ အရေပြားအကျိတ်နာရောဂါသည် အခြားရောဂါများနှင့် ကွဲပြားခြားနားကြောင်း ရောဂါဇစ်မြစ်နှင့်ကူးစက်ပုံကို သေချာသိရှိရန် လိုအပ်ကြောင်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများနှင့် ကုသရေးဆိုင်ရာ နည်းလမ်းအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ မိမိတို့သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အဆိုပါဌာနမှ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်