ကလော ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းသား/ကျောင်းသူများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေ့ဦးစွာမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇော်က သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းတို့ကိုလည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်သန့်က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက်ရှောင်ရန်၊ ဆောင်ရန်အချက်များအကြောင်း တို့ကိုလည်းကောင်း၊ အမှတ်(၂၅)မူးယစ်တပ်ဖွဲ့စုတောင်ကြီးမှ ရဲအုပ်အောင်ဝေလင်းက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းတို့ကို လည်းကောင်း၊ မြို့နယ် လူမှုကယ်ဆည်ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးအရာရှိက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအကြောင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစောမြသစ္စာက သဘာဝ ဘေးဆိုင်ရာနှင့် ကျန်းမာရေးအသိပညာများအကြောင်း၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှတပ်ကြပ်ရဲအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးဖွဲ့(၁) ဗိုလ်မှူးနိုင်လင်းထွန်းက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်အတွက် လုံခြုံရေးဆိုင်ရာများအကြောင်းတို့ကို အသီးသီးအသိပညာဟောပြောဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများကို လက်တွေ့သရုပ်ပြသခြင်း တို့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)