ဗိုလ်တထောင် စက်တင်ဘာ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်(၂:၀၀)နာရီက မြို့နယ်ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးအေးကြူက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး၊ မဲရုံမှူး၊ ဒုမဲရုံမှူးများကို စနစ်တကျ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ (၂၀)ရက်နေ့တွင် စတင်ကြေညာပေးသွားမည်ဟု သိရှိရကြောင်း အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှု၊ နယ်မြေ ကွင်းဆင်း၍ မဲရုံများ စစ်ဆေးမှု၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ တာဝန်ပေးအပ်ရေး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ကြပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)