ဖားကန့်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားအား သီတဂူစက္ခုဒါနဆေးရုံ၌ ထားရှိ ကုသပေးသွားမည်

ဖားကန့်  စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားအား အိုးအိမ်ဝန်ထမ်းအိမ်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာမှ ဖားကန့် သီတဂူစက္ခုဒါန ဆေးရုံသို့ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လွှဲပြောင်းကုသပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

"လူနာကို ဒီမှာပဲစောင့်ကြည့်ကုသဖို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားလာတယ်၊ ပြည်သူ့ဆေးရုံကြီးမှာလည်း ထားဖို့ကနေရာမရှိတော့ သီတဂူစက္ခုဒါနဆေးရုံမှာပဲ ကုသပေးသွားရမှာပါ" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောသည်။

"ကျွန်တော်တို့ ဖားကန့်ကနေ ဓာတ်ခွဲစစ်ဆေးတဲ့ လူ(၃၆)ဦးထဲကနေ အတည်ပြုလူနာ တစ်ဦးတွေ့တာပါ၊ သူ့ကို Facility Quarantine ထားတာ ဒီနေ့နဲ့ဆို တစ်ပတ်ရှိပါပြီ" ဟု မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမင်းလွင်က ပြောသည်။

ဖားကန့်မြို့နယ်မှ အသက် ၂၇ နှစ်အရွယ် ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားသည် မိသားစုနှင့်အတူ ဩဂုတ် ၁၀ ရက်နေ့က စစ်တွေမြို့မှ ရန်ကုန်မြို့သို့ Air Thanlwin ST-512  လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါလာပြီး ရန်ကုန်လေယာဉ်ကွင်းအနီး Queen Land Inn တည်းခိုခန်း၊ ၈/၄၄ နှစ်ဆီမြိုင်လမ်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်တွင် တည်းခိုခဲ့ကြောင်း၊ ဆက်လက်ပြီး ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်ကို Air Thanlwin လေယာဉ်ဖြင့် ဩဂုတ် ၁၃ ရက်နေ့တွင် စီးနင်းလိုက်ပါခဲ့ပြီး ထိုနေ့တွင်ပင် ဖားကန့်မြို့သို့ ဥရုတောင်တန်း မော်တော်ယာဉ်လိုင်းမှ AD Van မော်တော်ယာဉ်ဖြင့် အေးမြသာယာအုပ်စု၊ တောင်ပြိုကျေးရွာ နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း ခရီးသွားရာဇဝင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့ကို ကျန်းမာရေးဌာနကတဆင့် စက်တင်ဘာ ၂ ရက်နေ့က ခရီးသွားရာဇဝင် တွေပေးပို့လာလို့ ကျွန်တော်တို့ ရပ်ရွာထဲစစ်ဆေးပြီး သူတို့မိသားစုသုံးယောက်နဲ့ အတူနေတဲ့ နှစ်ယောက် အားလုံးငါးယောက်ကို ယူမာကျေးရွာမှာရှိတဲ့ အိုးအိမ်ဝန်ထမ်းအိမ်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာကို အဲ့နေ့မှာပဲ ပို့ဆောင်လိုက်တာပါ" ဟု တောင်ပြိုကျေးရွာ တာဝန်ခံ ဦးသန်းရွှေက ပြောသည်။

အတည်ပြုလူနာအား တင်ဆောင်ပြေးဆွဲခဲ့သည့် AD Van မော်တော်ယာဉ်မောင်းအား ကာမိုင်းမြို့ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် ထားရှိထားပြီး ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း အတည်ပြုလူနာ နေထိုင်ခဲ့ရာ ရပ်ကွက်/ကျေးရွာအား ကန့်သတ်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေး မှူးက ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးအား တွေ့ရှိရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တာလင်းမောင်(ပြန်/ဆက်)