ခမောက်ကြီး ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ရဟန်းသံဃာရှင်သူမြတ်များအား စုပေါင်းဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ယနေ့နံနက်(၁၀)နာရီခန့်က ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခမောက်ကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသောသူများက ဩကာသကန်တော့ချိုးအစချီ၍ ရှိခိုးကန်တော့ကြပြီး တိလောကာရုံကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလနှင့် သရဏဂုံဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် ဆရာတော်က ရေစက်ချ၊ အနုမောဒနာတရားချီးမြှင့်ပေးခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ရူပါမြင့်(ခမောက်ကြီး)