ဒေါပုံမြို့နယ်တွင်   မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်

ဒေါပုံ စက်တင်ဘာ ၉


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးစန်းက ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်း ဖြေရှင်းနိုင်ရန် အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်း ခြင်း ဖြစ်ကြောင်း၊ ကော်မတီများ၏လုပ်ငန်းတာဝန်များအကြောင်း၊ နိုင်ငံရေးပါ တီများ နှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့်ဆိုင်ရာ အကြောင်းများ၊ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ ရည်ရွယ်ချက်များ ပြောကြားကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက မဲဆွယ်စည်းရုံးကာလ ရက်ပေါင်း (၆၀) တွင် မဲဆွယ်စည်းရုံးခြင်းကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ စည်းကမ်းချက်များအတိုင်းပြုလုပ်ဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ အကြောင်းအရာများအား ထပ်ဆင့်ဆွေးနွေး ပြောကြားပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည် ဖြေကြားဆွေးနွေးပေးခဲ့သည်။
အဆိုပါ အခမ်းအနားကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့်မြို့မိမြို့ဖများတက်ရောက်ကြောင်းသိရသည်။
သဲစုစုလွင် (ပြန်/ဆက်)