အစိုးရနည်းပညာကောလိပ်(မိုးညှင်း)၌ ဘာသာရပ်ပေါင်းစုံ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

မိုးညှင်း ဇူလိုင် ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ် (၇/၂၀၂၂)သင်တန်းဆင်းပွဲကို ဇူလိုင်(၁၂)ရက် မွန်းလွဲ(၂)နာရီခွဲက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားပြီး အစိုးရနည်းပညာကောလိပ်(မိုးညှင်း)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်က ဘာသာရပ်ပေါင်းစုံ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှဥက္ကဋ္ဌ ဦးသန်းထွန်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်(၃)ရပ်နှင့် ကြက်ခြေနီအသင်း၏ အခြေခံမူ(၇)ချက်စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုသင်တန်းကို ဇူလိုင်လ(၉)ရက်နေ့မှ (၁၂)ရက်နေ့ထိ စာတွေ့လက်တွေ့ဖြင့် (၄)ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသားသင်တန်းသူစုစုပေါင်း (၃၃)ဦးအား မြို့နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဦးတင်လှိုင်က သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းတွင် ထူးချွန်ဆုများရရှိခဲ့သည့် သင်တန်းသားသင်တန်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)