ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ကိုင်ဆောင် လက်မှတ်မရှိသေးသူများအား ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း အချိန်တွင် ကန်တော်ကလေး ( အရှေ့ပိုင်း) ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသက်ခိုင်နှင့် ဝန်ထမ်းများက မင်္ဂလာတောင်ညွန့် မြို့နယ် ကျီတော်ရပ်ကွက်ရှိ အသက် (၁၈) နှစ် ပြည့် ပြီးသူများထဲမှ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အသက် (၁၈) နှစ်ပြည့် လဲလှယ်မည့်သူများ၊ မှတ်ပုံတင် ပျက်စီး သူများအား သတ်မှတ်ချက်နှင့် ပြည့်စုံပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် သေချာစွာစိစစ်၍ ဆောင်ရွက် ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာကာ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ် တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)