ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ သိသင့်သိထိုက်သော လိုက်နာရမည့် အမိန့်များနှင့် ညွှန်ကြားချက်များအား ရပ်ကွက်များ အတွင်း ညစဉ် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကြေညာဆောင်ရွက်ရာတွင် ရပ်ကွက်(၂၀)အတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၁၀)ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း သွားလာမှု ရှိခဲ့သူများ မိမိတို့မြို့နယ်အတွင်း ပြန်လည်ရောက်ရှိပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ကျန်းမာရေး ဌာနများသို့ သတင်းပို့ရန်လိုကြောင်း၊ နေ့စဉ်ည ၁၂ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုအပေါ် ပြည်သူများ လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာပါက တည်ဆဲဥပဒေများနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတိပေးနှိုးဆော်ချက်များနှင့် ဂရုပြုလိုက်နာရမည့် အချက်များဖြစ်သည့် ပြင်ပထွက်ခွာတိုင်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေခွာနေထိုင်ရန်၊ လက်ကိုဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် ဆေးကြော ပေးရန်စသည့် အချက်များကို လိုက်နာဆောင်ရွက်ကြရန်လိုကြောင်းတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြေညာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ထို့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ကြေညာထားသော ညမထွက်ရ အမိန့်အား ဖောက်ဖျက်သူ များကို ညစဉ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီး အရေးယူခြင်းနှင့် ပြင်ပထွက်ခွာရာတွင် Mask တပ်ဆင်ခြင်း မရှိသူများအား ပညာပေးအစီအစဉ်ဖြင့် Mask တစ်ခုလျှင် ၅၀၀ ကျပ်နှုန်းဖြင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)