မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်  ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ၌ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ရန်ကုန်       စက်တင်ဘာ    ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ဝင်ရောက်အရွေးချယ်ခံမည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဝင်းဇော်က မြို့နယ်အတွင်းဝင်ရောက် အရွေးချယ် ခံမည့် နိုင်ငံရေးပါတီများ အနေဖြင့် မဲစွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ပေး ထားသော လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေး၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဝင်ရောက်အရွေးချယ်ခံမည့် နိုင်ငံရေး ပါတီများမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဝင်းဇော်မှ ပြန်လည်ဆွေးနွေး ပေးခဲ့သည်။ မင်္ဂလာ တောင်ညွန့်မြို့နယ်တွင် အမျိုးသား ဒီမိုကရက် တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ စသည်ဖြင့် ပါတီ (၆) ခုမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းနေရာ (၄ ) နေရာ နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၄) နေရာတွင် အရွေးချယ်ခံ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)